နတ်ကိုးကွယ်မှုနဲ့ နောက်ကွယ်က အကြောင်းတရားများ
=====================================
မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှုဓလေ့ ဟာ သမိုင်းမတင်မီခေတ်ကတည်းက ရှိခဲ့ပြီး တောစောင့် တောင်စောင့်နတ်တွေကို ကိုးကွယ်တာက စတယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆပါတယ်။
ကမ္ဘာတလွှားမှာလည်း ဘာသာယုံကြည်ကိုးကွယ်မှု အစမှာ ဒီလို သဘာဝပတ်ဝန်းကျင်ကို ပူဇော်တာတွေကနေ စခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပုပ္ပါးတောင်က နတ်ကြီးကို မဟာဂီရိအဖြစ် ကိုးကွယ်တာကို ပုဂံခေတ်ကတည်းက စတယ်လို့ မြန်မာရာဇဝင်မှာ ဖော်ပြပါတယ်။
ပုဂံခေတ်မှာ အိန္ဒိယနဲ့ အဆက်အဆံပိုများလာတဲ့အတွက် ဟိန္ဒူဘုရားကျောင်းတွေ ပိုတွေ့လာရသလို ဗုဒ္ဓဘာသာဘုရားတွေမှာလည်း ဟိန္ဒူနတ်ရုပ်တွေ ထားတာ၊ ပုံဖော်တာတွေ တွေ့လာရပါတယ်။
နတ်လှောင်ကျောင်းခေါ် ပုဂံက နတ်ဘုရားကျောင်းဟာ နတ်လျောင်းကျောင်းက လာတယ်လို့လည်း ယူဆကြပါတယ်။
အနော်ရထာလက်ထက်မှာ နတ်ကိုးကွယ်မှုကို ကန့်သတ်တယ် ဆိုပေမယ့် ကျန်စစ်သားလက်ထက် နန်းတည်မင်္ဂလာမှာ ဟိန္ဒူအယူအဆတွေနဲ့ စီရင်တာတွေ တွေ့ရပြီး နောက်ခေတ်အဆက်ဆက်မှာလည်း ဗလိနတ်စာကျွေးတာ အပါအဝင် နတ်တွေကို ပူဇော်ပသတာတွေကို ဦးနုခေတ်ထိ ဆက်ပြီး ဆောင်ရွက်တာ တွေ့ရပါတယ်။
နတ်တွေက ဘုရင်ဘက်က ဝင်ပြီး တိုက်ခိုက်ပေးတယ် ဆိုတဲ့ အကြောင်းမျိုးတွေလည်း မြန်မာရာဇဝင်တွေမှာ ရေးတတ်ကြပြီး ဂရိနဲ့ ရောမက နတ်ပုံပြင်တွေနဲ့ အလားတူ နတ်တွေက လူတွေရဲ့ ဘဝမှာ ပတ်သက်နေကြတာပါ။
ပုံဂံမြို့ ရွှေစည်းခုံဘုရားတံတိုင်း အတွင်းမှာ ထားတဲ့ နတ်ရုပ်တွေကို အတွင်း ၃၇ မင်း၊ အပြင်မှာ ထားတဲ့အရုပ်တွေကို အပြင် ၃၇ မင်း အဖြစ် သတ်မှတ်ပူဇော်ရာကနေ ၃၇ မင်း နတ်ရယ်လို့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဘီလူးဖမ်းစားတာက ကာကွယ်ပေးတဲ့ ဘုရားဟောသုတ်တော်လာ အထက် နတ်မင်းကြီးတွေကို အတွင်း ၃၇ မင်းခေါ်ပြီး ရိုးရာနတ်တွေကိုတော့ အပြင် ၃၇ မင်းလို့ ခွဲခြားထားတာပါ။
အနော်ရထာလက်ထက်မှာ မဟာဂီရိကို နတ်အကြီးအကဲနေရာ မပေးချင်လို့ သိကြားမင်းကို ထားတယ်လို့လည်း စွယ်စုံကျမ်းက ဖော်ပြပါတယ်။
ဘုရင့်နောင် လက်ထက်မှာတော့ ညောင်ဦး တူရွင်းတိုင် စတဲ့ နယ်တွေမှာ မဟာဂီရိနတ်ကို ကျွဲနွားတွေ သတ်ပြီး ပသတာကို တားမြစ်ခဲ့ပြီး နတ်အုန်းဆွဲတဲ့ ဓလေ့ကတော့ ခုထိ ရှိနေပါတယ်။
ပုဂံပြည် တောင်သူကြီးမင်းလက်ထက်မှာ နဂါးကိုးကွယ်တာ ရှိခဲ့တယ် ဆိုပေမယ့် နဂါးပူးတဲ့ ဓလေ့ကို မျက်မှောက်ခေတ်မှာ ပိုတွေ့လာရပါတယ်။
၃၇ မင်းနတ်တွေထဲမှာ အထင်ရှားဆုံးက တောင်ပြုံး မင်းညီနောင်နဲ့ ပုခန်းဦးမင်းကျော် ခေါ် မင်းကျော်စွာနတ်တွေ ဖြစ်ပါတယ်။
ဘဲဥနဲ့ ပသရတဲ့ မနှဲလေးနတ်နဲ့ ရွှေနဘေစတဲ့ အမျိုးသမီးနတ်တွေလည်း ရှိပါတယ်။
ဘုရင်ထဲက နတ်ဖြစ်နေတဲ့ မင်းစည်သူနတ်၊ ငါးစီးရှင်ကျော်စွာနတ်၊ တပင်ရွှေထီးနတ်စတဲ့ နတ်ဘုရင် ကိုးပါး ရှိပြီး မိဖုရားနတ်က လေးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလို နတ်စာရင်းမှာ မပါပေမယ့် နေရာအလိုက် ထင်ရှားတဲ့ နတ်တွေလည်း ရှိပါတယ်။
မုံရွာဘက်မှာ အမေရေယဉ်၊ တံတားဦးက အမေဂျမ်းနဲ့ ရှမ်းပြည်ဘက်က ကိုးမြို့ရှင်၊ ပုလဲယဉ် စတဲ့နတ်တွေ အပြင် အောက်မြန်မာပြည်က နံကရိုင်းမယ်တော်နဲ့ ဦးရှင်ကြီးနတ်တွေအပြင် ရခိုင်၊ မွန်၊ ကရင်ဘက်က နတ်တွေနဲ့ ကချင်၊ ကယား၊ ချင်း၊ နာဂစတဲ့ တောင်ပေါ်နယ်တွေက ရိုးရာနတ် တွေလည်း အမျိုးစုံ ရှိကြပါတယ်။
အမျိုးသမီးတွေကြား လူသိများတာကတော့ ဖျာလိပ်နတ်နဲ့ လေချွန်နတ်တွေ ဖြစ်ပါတယ်။
တောင်သူလယ်သမားတွေအတွက် တပေါင်းလ ကောက်သစ်ပေါ်ချိန်မှာ ပုန်းမကြည်ရှင်မကို ပူဇော်ပသတာကလည်း ပုဗ္ဗကြယ်၊ အမိကမ္ဘာမြေနတ်၊ စပါးစောင့်လိပ်ပြာတွေ ကို ပူဇော်တဲ့ ဓလေ့က ဆင်းသက်တယ်လို့ ယူဆကြပါတယ်။
ဘီလူးမ လက်စားချေဖမ်းစားမှုက ဘေးလွတ်အောင် ပူဇော်တယ်ဆိုတဲ့ ဓမ္မပဒလာ ဝတ္ထုကြောင့် ပုန်းမကြည်ကို အမျိုးသမီးနတ်အဖြစ် မုန့်ဆီကြော်နဲ့ အခါတင် ပသရပါတယ်။
ခေတ်ဟောင်း လူသားတွေမှာ သဘာဝကို ရင်ဆိုင်ဖို့အတွက် နတ်တွေကို ကိုးတယ် ဆိုပေမယ့် ခေတ်သစ်မှာလည်း နတ်တွေကို ဆက်ပြီး ပသကြပါတယ်။
စီးပွားရေး၊ လူမှုရေး အရေးပေါင်းစုံနဲ့ နတ်၊ ဗေဒင်၊ ယတြာစတာတွေကို လုပ်နေကြတာကို တွေ့ရပါတယ်။
နတ်မကြိုက်တဲ့ အဝတ်၊ အစားအသောက်တွေ ရှောင်တာ၊ နတ်ကြိုက်တဲ့ အရာနဲ့ ပူဇော်တာတွေကိုလည်း တွေ့ရပြီး အရက်၊ ကြက်ကြော် စတဲ့ စားဖွယ်တွေနဲ့ ပသရတာကို တွေ့ပါတယ်။
မန္တလေးနားမှာတော့ ကိတ်မုန့်နဲ့ ပူဇော်ရတဲ့ နတ်ပွဲတခု ရှိပါတယ်။
နတ်ပွဲတွေမှာ အနယ်နယ်အရပ်ရပ်က လာကိုးကွယ်တဲ့သူတွေနဲ့ နတ်ဝင်သည် နတ်ကတော်တွေကြားက ဆက်ဆံရေးကို အခြေခံပြီး ရေးတဲ့ ဝတ္ထုတွေလည်း ပျို့တောင်ပြုံး ကနေ ပြုံး၍လည်း ကန်တော့ခံပါ၊ ရယ်၍လည်း ကန်တော့ခံပါ အထိ တွေ့ရပါတယ်။
နတ်ကိုးကွယ်မှုကို ရှုတ်ချတဲ့ စာပေတွေကိုလည်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကနေ နောက်ပိုင်းခေတ်တွေအထိ တွေ့နေရပါတယ်။
စစ်အစိုးရ လက်ထက်မှာ စီးပွားရေး ကျပ်တည်းမှုကြောင့် နတ်ပွဲတွေ ပိုစည်လာတယ်လို့လည်း ဆိုပါတယ်။
နတ်ကတော် အဖြစ် အမျိုးသမီးတွေ ရှိခဲ့ရာက ၁၉၆ဝ နောက်ပိုင်းမှာ အမျိုးသား နတ်ကတော်တွေ ရှိလာပါတယ်။
နောက် နတ်ပွဲတွေဟာ ကိုးကွယ်ယုံကြည်သူတွေအတွက် ပူဇော်ပသရာအပြင် စီးပွားဖလှယ်ရာ၊ အပန်းဖြေရာ ပွဲတော်တွေ ဖြစ်ကြပါတယ်။
တောင်ပြုံးပွဲမှာ အဆဲကြမ်းတဲ့ဓလေ့၊ လွတ်လွတ်လပ်လပ် စနောက်ကြတဲ့ဓလေ့နဲ့ နတ်ပွဲတွေမှာ သောက်စားမူးယစ်ကြတဲ့ ဓလေ့တွေကလည်း ယဉ်ကျေးမှု ထွန်းကားစက ခုန်ပေါက် မူးယစ်ကြတဲ့ ဓလေ့တွေ ကျန်ရစ်တာ ဖြစ်ပါတယ်။
ဒီလို ရိုးရာ ဓလေ့တွေ ကျန်နေတဲ့အတွက် နတ်ပွဲတွေကို မနုဿဗေဒပညာရှင်တွေက စိတ်ဝင်တစား လေ့လာကြတာပါ။
မြန်မာမှာလိုပဲ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေ၊ ပစိဖိတ် ကျွန်းသားတွေမှာလည်း အဓိက ဘာသာကြီးတွေအပြင် နတ်နဲ့ တခြား ကိုးကွယ်မှုတွေလည်း ပူးတွဲ ရှိတတ်တာကို တွေ့ရပါတယ်။
ဘိုးတော်ယုံကြည်မှု၊ ဝိဇ္ဇာ၊ ထွက်ရပ်ပေါက် စတဲ့ အထက်လမ်းကိုးကွယ်မှုတွေ၊ ကဝေ၊ စုန်း၊ နတ်စတဲ့ အောက်လမ်းကိုးကွယ်မှုတွေဟာ လူနဲ့ ပရလောက၊ ကွယ်လွန်ပြီးနောက်ဘဝ စိတ်ဝင်စားမှုတွေက လာတာ ဖြစ်ပါတယ်။
နောက် နတ်ပသတဲ့ နတ်ချင်းတွေကလည်း မြန်မာ့ဂီတမှာ မြူးကြွတဲ့ ရိုးရာတေးတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒီတေးတွေကို ခေတ်ပေါ် အနောက်တိုင်းသံစဉ်တွေနဲ့ ရောသမမွှေတဲ့ သီချင်းမျိုးအဖြစ် သားစိုးက ဖန်တီးခဲ့ပါတယ်။
" အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် . . ယှဉ်ကာပြိုင် . .
ပန်းမွေ့ရာ ရွှေကော်ဇော . .
ရောနှောလို့ထိုင် "
စတဲ့ အပျိုတော်ယိမ်းအက နတ်ချင်းကလည်း အများသိတဲ့ တေးတပုဒ် ဖြစ်ပါတယ်။
နတ်ကိုးကွယ်မှုကို အယူမှားမှု အဖြစ် ပြစ်တင်ရှုတ်ချတာတွေ ရှိပေမယ့် ဆက်ပြီး ခေတ်စားနေဆဲ ဖြစ်ပါတယ်။
မြန်မာထုံးစံမှာ ရှင်ဘုရင် နှိပ်ကွပ်လို့ သေတဲ့ သူရဲကောင်းတွေကို နတ်အဖြစ် ကိုးကွယ်ရာကနေ နတ်တွေပေါ်လာတယ်လို့လည်း ပညာရှင်တွေက ယူဆပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်မှာ နတ်အဖြစ် သရုပ်ဖော်တဲ့ ဝတ္ထုတွေ ထွက်ခဲ့ပါတယ်။
အပြင် ၃၇ မင်းနတ်တွေဟာ ပုဂံခေတ်နောက်ပိုင်းမှာ အပြောင်းအလဲတွေ ရှိခဲ့ပြီး နတ်သစ်တွေနဲ့ အစားထိုးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန် ဗိုလ်တထောင်ဘုရားက မြနန်းနွယ်လို အသစ်ပေါ်တဲ့ နတ်တွေ ရှိသလို စာရေးဆရာ မှော်ဘီဆရာသိန်းကြီးကို နတ်အဖြစ် မသေခင်ကတည်းက ကိုးကွယ်တာကိုလည်း ၁၉၃ဝ ကျော်က တွေ့ရှိခဲ့ရပါတယ်။
#Crd.copy
တင်ဆက်ကူယူသူ..
#KSL
No comments:
Post a Comment